အိပ်မက်များ - အိပ်မက် ထဲကအတွေးများ

ပင်မ စာမျက်နှာ
အိပ်မက် စာတိုက်
အိပ်မက် ထဲကအတွေးများ
အိပ်မက် မှတ်စု
အိပ်မက် ကဗျာ
အိပ်မက် ဘလောဂ်
အိပ်မက် အက်ဆေး
အချစ် ပုံပြင်
ဖတ်စရာ
ဓာတ်ပုံ
ရယ်စရာ
ကာတွန်း
Gmail လျှို့ဝှက်ချက်များ
မြန်မာ mp3 သီချင်းများ
မြန်မာတိုင်း(မ်) ဂျာနယ်




 

မိုးကိုအံတု ခဲ့သောမျက်ရည်စက်များ

posted on 20th June 2009 by Sueshawine
 

သြဂုတ်လရဲ့ ပထမဆုံးသော ရက်တစ်ရက်ဖြစ်သည်….။

အဲဒီနေ့တစ်နေ့ ကိုတော့ ကောင်မလေး ရင်ထဲမှာ ဘယ်တော့မှ မေ့ပျောက်နိုင်လိမ့် မည်မဟုတ်ပါ။ ရွာမလိုလို၊ မရွာမလိုလိုနဲ့ ကလူကျီစယ်နေတဲ့ မိုးကောင်းကင်ကြီးရဲ့ အောက်မှာ ကောင်မလေးရဲ့စိတ်တွေ လွပ်လပ်စွာ လွင့်မြောနေခဲ့ပါသည်။ ထိုအချိန်က ကန်တော်ကြီးထဲရှိ ကန်ရေပြင်ကို ဖြတ်ပြီးတိုက်ခတ်လာသော လေနုအေးလေးတွေကို ရှုသွင်းရင်း အတိတ်ကို မေ့လျော့၊ အနာဂတ်ကိုလည်း မတွေးမိပဲ ပစ္စုပန်သည်သာ သူမရဲ့ စိတ်တို့စေစားရာ အရပ်ဖြစ်၍ နေခဲ့ပါသည်။ ထိန်းချုပ်ဆင်ခြင်တတ်သည့် ဦးနှောက်ရဲ့ အသိတရားတွေကို ခဏအနားပေးရင်း လွပ်လပ်ပေါ့ပါးနေတဲ့ စိတ်တစ်ခုကိုသာ ဆုပ်ကိုင်ထားခဲ့ပါသည်။ အဲဒီနေ့က သူမ တံတားရှည်ကြီးတစ်ခုကို အစမှ အဆုံးတိုင်အောင် ကောင်လေးတစ်ယောက်နှင့် အတူလျှောက်ဖြစ်ခဲ့သည်။ အဲဒီ့ခရီးသည် သူတို့နှစ်ယောက်အတွက် ပထမဆုံးနှင့် အရှည်လျားဆုံး ခရီးတစ်ခု ဖြစ်ခဲ့ပါသည်။ ကောင်မလေး၏ ပုံမှန်စိတ် အခြေအနေတစ်ခု အရသာဆိုရင် ဖြစ်လာစရာ လုံးဝမရှိသော ဒီခရီးသည် လှပသော မိုးသက်လေတို့၏ ပံ့ပိုးပေးမှု နှင့်အတူ ဖြစ်ပေါ်လာခဲ့ရပါသည်။ ကာလအတော်ကြာအောင် နှစ်ယောက်လုံးလျှို့ဝှက်လုံခြုံစွာ သိမ်းဆည်းထားနိုင်ခဲ့သော ခံစားမှု အစစ်အမှန်များ အားလုံးကို တူးဖော်အသက်သွင်းစေခဲ့ပါသည်။ “လျှို့ဝှက်စွာ သိမ်းစည်းထားသော ခံစားမှု” ဟု ဘာကြောင့် အမည်တပ်ရသနည်း ဆိုပါလျှင် “ပွင့်လင်းစွာ ထုတ်ဖော်နိုင်ခွင့် မရှိသောကြောင့်” ဟုသာ ဖြေရမည် ထင်ပါသည်။ သက်ဆိုင်သူ ရှိနှင့်နေပြီး ဖြစ်သော ကောင်လေးတစ်ယောက်ဆီက ပိုင်ဆိုင်ခွင့်မရှိတော့မည့် အချစ်တွေအတွက် ကောင်မလေးက သူမရဲ့အချစ်တွေကို အလုံခြုံဆုံး သိမ်းဆည်းလို့ နှစ်ယောက်လုံး ရိုးသွားစွာ နေထိုင်နိုင်ခဲ့ပါသည်။ အဲဒီ့နေ့လေး တစ်နေ့သာ ရှိမလာခဲ့ပါလျှင် အရာအားလုံးသည် ပုံမှန်နေသားတကျ ရှေ့ဆက်သွားမည်သာ ဖြစ်ပါသည်။ သို့သော် အဲဒီနေ့တစ်နေ့ကို သူတို့နှစ်ယောက်လုံး ငြင်းဆိုနိုင်ခွင့် မရှိစွာ ပိုင်ဆိုင်ခဲ့ကြရပါသည်…။

 
“ဘယ်ကိုမှ၊ ဘယ်သူ့ကိုမှ မကြည့်ပဲ မျက်လုံးကို မှိတ်ပြီး လမ်းလျှောက်ကြည့်ပါလား။ အရမ်းမိုက်တယ်။” ဆိုတဲ့ ကောင်လေးရဲ့ အကြံပြုချက်အတိုင်း မျက်လုံးစုံမှိတ်ရင်း ခပ်ဖြေးဖြေးလေး လျှောက်လှမ်းနေတဲ့ ကောင်မလေးရဲ့ မျက်နှာသည် ကြည်နူးစွာ ပြုံးနေခဲ့ပါသည်။ အဲဒီ့အချိန်မှာပဲ ကောင်မလေးရဲ့ ဘေးကနေလျှောက်လာသော ကောင်လေးရဲ့ ဘယ်ဘက်လက်တစ်ဖက်ဟာ ကောင်မလေးရဲ့ ညာဘက်လက်တစ်ဖက်ကို ရုတ်တရက် ဆုပ်လိုက်လိုက်ပါတော့သည်။ ကောင်မလေးလည်း အံ့သြစိတ်နဲ့အတူ မျက်လုံးတွေကို ဖွင့်လိုက်တော့မယ့် အချိန်မှာပဲ ရုတ်တရက် ကောင်လေးဆီမှ “မျက်လုံးကို မဖွင့်နဲ့။ နင့်လက်တွေကို ငါကိုင်ထားတယ်။ ဘာမှ မဖြစ်စေရပါဘူး။ ဆက်သွား။” ဆိုတဲ့ စကားသံကို ကြားလိုက်ရသည်။ စိတ်ဆိုးဖို့ အရေးယောင်လို့မှ မတွေးခဲ့မိတဲ့ ကောင်မလေးဟာ ကောင်လေးရဲ့ လက်တစ်ဖက်ကို ရုန်းဖယ်ခြင်း မပြုခဲ့ပေမယ့် တစ်စွန်းတစ်စ ကြွင်းကျန်နေသေးတဲ့ ဆင်ခြင်တုံတရားလေး တစ်ခုကြောင့် ပြန်လည်ဆုပ်ကိုင်ခြင်း မပြုခဲ့ရှာပေ။

 

ကောင်လေးရဲ့နှုတ်က ရုတ်တရက် ထင်မှတ်မထားပဲ “နင့်ကို ငါချစ်တယ်” ဆိုတဲ့ စကားလေးတစ်ခွန်း ကြားလိုက်ရတဲ့ အချိန်မှာ ကောင်မလေးရဲ့ တစ်ကိုယ်လုံးမှာ ရှိတဲ့သွေးကြောတွေ အေးခဲသွားသလို ခံစားလိုက်ရပါသည်။ ဒီအချိန်မှာပဲ ကောင်းကင်ကြီးကလည်း မိုးဖွဲလေးတွေကို စတင်ရွာချနေပြီ ဖြစ်ပါသည်။ တဆတ်ဆတ်တုန်အောင် ချမ်းအေးလာရခြင်းမှာ ထိခတ်လာသော မိုးစက်လေးတွေကြောင်လား၊ ကောင်လေးပြောတဲ့ “ချစ်တယ်” ဆိုတဲ့ စကားတစ်ခွန်း ကြောင့်လား ဆိုတာတော့ ကောင်မလေး မဝေခွဲနိုင်ခဲ့ပါ။ ကောင်လေးနဲ့ ပတ်သက်ပြီး ဘယ်သူနဲ့မှ မတူတဲ့ ခံစားမှုမျိုးတွေ ကောင်လေးအပေါ်မှာရှိနှင့်ခဲ့ပေမယ့် အဲဒီခံစားမှုကို “အချစ်” လို့ အမည်မတပ်ချင်ခဲ့ သလို၊ ကောင်လေးရဲ့ နှုတ်က “ချစ်တယ်” ဆိုတဲ့ စကားတစ်ခွန်း ကိုလည်း လက်မခံရဲခဲ့တဲ့ ကောင်မလေးရဲ့ ရင်ထဲမှာ ဒီအခြေအနေကြီးတစ်ခု နဲ့တွေ့ဆုံလိုက်ရတဲ့ အချိန်မှာ ထိတ်လန့်တုန်လှုပ်လို့နေခဲ့ပါသည်။ ဘယ်လိုမှ ရှေ့ဆက်လို့ မဖြစ်နိုင်တဲ့ အနေအထားတွေကြားမှာ ဘယ်လိုအင်းအားမျိုးတွေနဲ့ သူတို့နှစ်ယောက်ရှေ့ခရီးဆက်ကြမှာလဲ။ ဒီအတွေးခါးခါးကြီးတွေနဲ့ပဲ ကောင်မလေးဟာ ကောင်လေးကို “နင် ငါ့ကိုအထင်သေးတယ်၊ စော်ကားတယ်။” ဆိုတဲ့ စကားတစ်ခွန်းကို ကန်ရေပြင်ကို စိုက်ကြည့်ရင်း ပြောလိုက်မိသည်။ ကောင်မလေးရဲ့ စကားအဆုံးမှာ ကောင်လေးဟာ တင်းမာတဲ့ မျက်နှာထားနဲ့ ငြိမ်သက်သွားခဲ့ပါတယ်။ အမြဲပြုံးနေတတ်တဲ့ ကောင်လေးကို မျက်နှာတစ်ချက် မငြိုးစေချင်တဲ့ ကောင်မလေးအတွက်တော့ ရင်မဆိုင်ချင်တဲ့ အခြေအနေတစ်ခုကို ရင်ဆိုင်နေရတာပါပဲ။

"ငါနင့်ကို ချစ်တဲ့ အချစ်တွေက အခုမှ ဖြစ်လာတာမဟုတ်ဘူး။ ရေကာတာကြီးတစ်ခုလိုပဲ၊ နည်းနည်းချင်း ပြည့်လာပြီး နောက်ဆုံးကျမှ လျှံကျလာတာမျိုးလေ။ အခုဘယ်လိုမှ ဆက်ထိန်းလို့ မရတော့လို့ လျှံကျသွားတာလေ။” လို့ကောင်လေးက ပြန်ပြောလိုက်တဲ့ အခါ ကောင်မလေးမှာ ပြန်ပြောစရာ စကားလုံဝမရှိဖြစ်ခဲ့ရပါတယ်။ “ဒါဆိုနင့်ရဲ့ သက်ဆိုင်သူကရော” လို့ကောင်လေးရဲ့ မျက်နှာကို စိုက်ကြည့်လို့ ကောင်မလေး မေးလိုက်မိပါတယ်။ “ဘာလို့ အဲဒါတွေ လျှောက်တွေးနေရတာလဲ။ ငါလည်း ငါ့ရင်ထဲမှာ ရှိတဲ့ အတိုင်း အခုပြောတယ်။ နင်လည်းနင့်ရင်ထဲမှာ ရှိတဲ့အတိုင်းပြောလေ။ အများကြီး မတွေးပါနဲ့” လို့ အဖြေမဟုတ်တဲ့ စကားတွေကို ကောင်လေးဆီက ကြားလိုက်ရပါတယ်။ အဖြေမဟုတ်ပေမယ့်လည်း အဖြေတစ်ခုထက် ပိုပြီးပြည့်စုံတဲ့ စကားတွေကို ကောင်မလေးကြားလိုက်ရတဲ့ အချိန်မှာ တစ်ခါမှ စိတ်ကူးယဉ်မကြည့်ဘူးခဲ့တဲ့ လှပတဲ့ အနာဂတ်တစ်ခုဟာ ဝေေ၀၀ါးဝါးပေါ်လာသလို ခံစားရပါတယ်။ “ ငါက တစ်ခုခုကို လုပ်ပြီဆိုရင် နောက်ပြန်လှည့်ကြည့်နေမှာ မဟုတ်ဘူး“ ဆိုတဲ့ ကောင်လေးရဲ့ ကတိစကားမဟုတ်တဲ့ တီးတိုးရေရွတ်သံတစ်ခုဟာ ကောင်မလေး အတွက်တော့ အင်အားတွေကို ဖြစ်စေခဲ့ပါတယ်။ အဲဒီနေ့က “ ချစ်ပါတယ် “ ဆိုတဲ့ အဖြေစကားတစ်ခွန်း ကောင်မလေးနှုတ်က လုံးဝမထွက်ခဲ့ပါဘူး။ ဒါပေမယ့်လည်း အပြန်လမ်းမှာ တင်းကျပ်စွာ ပြန်လည်ဆုပ်ကိုင်ထားခဲ့တဲ့ ကောင်မလေးရဲ့ လက်တွေဟာ “ ချစ်တယ်” ဆိုတဲ့ စကားတစ်ခွန်း ထက်ပိုပြီး ခိုင်မာစေခဲ့ပါတယ်။



အဲဒီ့နေ့ရက်လေးကို နှစ်ယောက်အတူ ပိုင်ဆိုင်ခဲ့ပြီး နောက်ပိုင်းမှာ ဘယ်သူတစ်ဦးတစ်ယေက်မှ မသိတဲ့၊ နှစ်ဦးတည်းသာ သိနိုင်သော ချစ်သူများ အဖြစ်ကို မျက်ဝန်းများနှင့်သာ စကားပြောရင်း တိတ်ဆိတ်စွာ ဖြတ်သန်းခဲ့ကြပါတော့တယ်။ ကောင်လေးနဲ့ သူ့သက်ဆိုင်သူအကြောင်း သိထားသော သူငယ်ချင်းများကြားတွင် ကောင်လေးရဲ့ ဂုဏ်သိက္ခာကို ငဲ့ကွက်ထောက်ထားပြီး သူတို့အကြောင်းတွေကို အတတ်နိုင်ဆုံး လျှို့ဝှက်ထားဖို့ ကောင်မလေး ကြိုးစားခဲ့ပါတယ်။ ကောင်မလေးရဲ့ မာန၊ ကောင်လေးရဲ့ ဂုဏ်သိက္ခာတွေသည် သူတို့နှစ်ယောက်ရဲ့ အချစ်တွေထက် ပိုပြီးတန်ဖိုးထားသင့်သည်ဟု ကောင်မလေးက ယုံကြည်ထားခဲ့မိပါသည်။ အဲဒီ့ ယုံကြည်ချက်တွေကြောင့်ပဲ နာကျင်ခံစားခဲ့ရတဲ့ အချိန်များတွင် မျှဝေခံစားမဲ့သူမရှိပဲ တစ်ယောက်တည်း ကြိတ်မှိတ်မြိုသိပ်ရင်း ရူးမတတ်ခံစားခဲ့ရသည်။

 

ကောင်လေးရဲ့ သက်ဆိုင်သူဆီမှ ဖုန်းလာသော အခါများတွင် ဖုန်းလက်ခံစကားပြောနေသော ကောင်လေးရဲ့မျက်နှာကို ငေးကြည့်ရင်း ရင်ထဲမှာ ဆူးတစ်ချောင်း စိုက်ဝင်နေသလို ခံစားနေရပေမယ့်၊ ကောင်လေး အနေခက်မှာ စိုးတဲ့စိတ်နဲ့ ဟန်ဆောင်အားတင်းပြီး ပြုံးနေခဲ့တဲ့ ကောင်မလေးဟာ ဘ၀မှာ ဟန်ဆောင်ခြင်းဆိုတဲ့ အတတ်ပညာတစ်ခုကို ပထမဆုံး တတ်မြောက်ခဲ့ပါတယ်။ တစ်ခြားသော သူငယ်ချင်းများနဲ့ အတူတကွ ကောင်လေးကို စနောက်ရင်း ပေါ့ပါးစွာ ရယ်နေခဲ့တဲ့ ကောင်မလေးကို ကြည့်နေတဲ့ ကောင်လေးရဲ့ အကြည့်ထဲမှာ “ နင် ငါ့ကို တကယ်ချစ်တာမှ ဟုတ်ရဲ့လား။” လို့မေးနေသလိုပါပဲ။ “အားလုံးမမြင်နိုင်တဲ့ အချိန်ကျမှ မငိုပဲကျလာတဲ့ မျက်ရည်စက်တွေကိုတော့ နင် ဘယ်မြင်နိုင်မှာလဲ ကောင်လေးရယ်” ကောင်မလေးက တွေးနေမိပါတယ်။

 

ဒီလိုနဲ့ ကောင်လေးနဲ့ ကောင်မလေးတို့ ပိုင်ဆိုင်ခဲ့ဘူးတဲ့ အမှတ်တရ နေ့ရက်လေးကို ဖြတ်ကျော်လာခဲ့တာ နှစ်လကျော် ဆိုတဲ့အချိန်ကာလ တစ်ခုကို ရောက်ရှိလာခဲ့ပါတယ်။ ဒီကာလလေး အတွင်မှာ ကောင်မလေးအနေနဲ့ ပျော်ရွှင်စရာ လှပတဲ့နေ့ရက်လေးတွေကို ပိုင်ဆိုင်ခဲ့ရသလို၊ ကြေကွဲနာကျင်ရတဲ့ နေ့ရက်ပေါင်းများစွာကိုလည်း ကြုံဆုံခဲ့ရပါတယ်။ ကောင်လေးက “ ဒီကမ္ဘာလောကကြီး တစ်ခုလုံးမှာ ကောင်မလေးကိုသာ အချစ်ဆုံးပါ” လို့ ဘုရားရှေ့မှာ တိုင်တည်သစ္စာဆိုပြတဲ့ အခါ အတိုင်းအဆမရှိ ကြည်းနူးခဲ့ရတဲ့ ကောင်မလေးရဲ့ ရင်ထဲမှာ ခွဲခွာဖို့အတွက် အင်းအားတစ်ခုကို ရလိုက်သလိုပါပဲ။ ဘယ်တုန်းကမှ ပေါင်းဖက်ဆုံစည်းဖို့ မတွေးခဲ့တဲ့(မတွေးရဲ့ ခဲ့တဲ့) ကောင်မလေးဟာ ကောင်လေးနဲ့ တစ်နေ့တာ ဆုံတွေ့ပြီး လမ်းခွဲခါနီးတိုင်းမှာ မနက်ဖြန်ဆိုတာကို မမျှော်လင့်ရဲဘဲ မျက်ရည်ဝဲခဲ့ရတာ နေ့စဉ်နေ့တိုင်းပါပဲ။

 

ကောင်လေးက သူနဲ့သူရဲ့သက်ဆိုင်သူအကြောင်းကို နှစ်ဖက်မိဘတွေနဲ့ ပတ်ဝန်းကျင် အသိုင်းအ၀န်းတစ်ခုလုံး သိထားပြီးသာမို့ မရက်စက်ချင်ဘူးလို့ ပြောလာတဲ့ အခါ ကြိုတွေးထားပြီးတဲ့ ကောင်မလေးက ရယ်ချင်လွန်းတဲ့ မျက်နှာနဲ့ကောင်လေးကို ကြည့်နေခဲ့ပါတယ်။ အနေရခက်စွာ မျက်နှာလွှဲထားတဲ့ ကောင်လေးကို ငဲ့ညှာစွာနဲ့ “ ငါနားလည်ပါတယ် “ ဆိုတဲ့ စကားတစ်ခွန်းကိုပဲ နာကျင်စွာပြောဖြစ်ခဲ့ပါတယ်။ ပိုပြီး အဓိပာယ်ပြည့်စုံစေဖို့ အတွက် အပြုံးလေးပါစွက်ပြီး ပြောဖြစ်ခဲ့တာပါ။ ကောင်လေးက ဒီအပြုံးကို ကြည့်ရင်း “ နင် ကပျော့ညံ့မလိုလိုနဲ့ စိတ်အရမ်းမာတယ်၊ နင့်ကို ငါစိတ်ချတယ်၊ သူကတော့ ငါထားခဲ့ရင် အရမ်းခံစားသွားရမှာ “ လို့ကောင်လေးက နှိမ့်သိမ့်သလိုလို၊ ခွင့်ပန်သလိုလို ပြောလာတဲ့ အခါမှာတော့ ငိုစရာမျက်ရည်တွေတောင် ပျောက်ဆုံးသွားတော့မတတ် ခါးသက်သွားခဲ့ရပါတယ်။ ဒီလိုအခြေအနေတွေကို ကောင်လေးကြိုမတွေးခဲ့တာလား၊။ တစ်သက်လုံး ထုတ်ပြောဖြစ်မှာ မဟုတ်တဲ့ ရင်ဘတ်နှစ်ခုထဲက အချစ်ဆိုတဲ့ အရာကို စတင်တူးဖော်ဆွဲနှုတ်ခဲ့ပြီးမှ “ဆန္ဒတစ်ခုထက် လုပ်သင့်လုပ်ထိုက်တာကို လုပ်လိုက်ရတာပါ” ဆိုတဲ့ စကားတစ်ခွန်းနဲ့ လွယ်လွယ်လေး အဆုံးသတ်ဖို့ကြိုးစားခဲ့သတဲ့လား။

 


ချစ်ခြင်းဆိုတာ ပိုချစ်တဲ့သူကို ပိုရှုံးတယ်တဲ့။ ကောင်မလေးရဲ့ မာနအရတော့ ကောင်လေးထက် ပိုမရှုံးချင်ခဲပါဘူး။ ဘာလို့လဲဆိုတော့ ကောင်လေးဆီက သူမထက်ပိုများတဲ့ အချစ်တွေကို ရချင်ခဲ့လို့ပါပဲ။ ဒါပေမယ့် ကောင်လေးရဲ့ ပြုံးနေတဲ့ မျက်နှာတစ်ခုကို မြင်ရဖို့၊ ကောင်မလေးလိုချင်တဲ့ ကောင်လေးဆီက ပိုများတဲ့ အချစ်တွေကို စတေးခဲ့ရပါတယ်။ ကောင်မလေးကပဲ ကျေနပ်စွာ အရှုံးပေးခဲ့ပါတယ်။ တစ်ခါတစ်လေ ပိုရှုံးတာက ပိုကျေနပ်ဖို့ကောင်းတယ် ဆိုတာကို ကောင်မလေး သိလိုက်ရတယ်။ အရာရာကို ခွင့်လွတ်နားလည်ပေးနိုင်လွန်းခဲ့ပြန်တော့လည်း အဲဒီလောက်ထိ နားလည်ပေးလွန်းလို့ ဆိုပြီး ကောင်လေးက ကောင်မလေးကို မကျေမနပ်ဖြစ်ခဲ့ရ ပြန်တယ်လေ။ ကောင်မလေးက ကောင်လေးထက် ပိုပြီး သူမရဲ့မာနကို အလေးထားတယ်လို့ သတ်မှတ်သွားခဲ့ ပြန်တယ်။ ကောင်လေးရေ…ကောင်မလေးဆီက နင် ဘယ်လိုတုန့်ပြန်မှုမျိုးတွေကို လိုချင်ခဲ့တာလဲ။ နင်ဘာဖြစ်ချင်ခဲ့တာလဲ။ “ နင့်ကို နင့်သက်ဆိုင်သူက ထားခဲ့ရင်လည်း ငါမာနအရ နင့်ကို လက်မခံဘူး။ နင်က သူ့ကိုထားခဲ့မယ် ဆိုရင်လည်း နင့်ကိုအဲဒီလို လူတစ်ယောက်အဖြစ် လက်မခံနိုင်ဘူး။ နင်တို့နှစ်ယောက်လုံး သဘောတူညီစွာ ခွဲခွါဖို့ဆိုရင်လည်း ငါလုံးဝအားမပေးဘူး။ အဲဒီတော့ နင်နဲ့ ငါနဲ့ လက်တွဲနိုင်ဖို့ဆိုတာ ဒီတစ်သက်မဖြစ်နိုင်တော့ဘူး။” လို့သွေးအေးငြိမ်သက်စွာ ကောင်မလေးက ကောင်လေးကို ပြောခဲ့ပါတယ်။ အဲဒီအချိန်မှာတော့ ကောင်လေးက ကောင်မလေးကို စူးစူးနစ်နစ်စိုက်ကြည့်ရင်း “ နင် မာနကြီးမှန်း ငါသိပါတယ်။ “ ဆိုတဲ့စကားတစ်ခွန်းကို ပြန်ပြောခဲ့ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်နာကျည်းခြင်း၊ မုန်းတီးခြင်းမရှိပါပဲ “ ချစ်တယ် “ ဆိုတဲ့စကားကို အခါခါပြောရင်း လက်တွဲဖြုတ်ခဲ့ကြတဲ့ သူနှစ်ယောက် အတွက်ကတော့ တိုတောင်းလှတဲ့ အချိန်လေးအတွင်းမှာ ပိုင်ဆိုင်ခဲ့ရတဲ့ အရာတိုင်းဟာ တစ်သက်စာ လွမ်းစရာချည်းပါပဲ။ တစ်ခါတစ်ရံ မမျှော်လင့်ပဲ ကြုံတွေ့ခဲ့ရတဲ့ အမှတ်တမဲ့လေးတွေဟာ အမှတ်တရလေးတွေ ဖြစ်သွားတတ်သလို အဲဒီအမှတ်တရတွေဟာလည်း ကာယကံရှင်တောင် သတိမထားမိလိုက်ပဲ အမှတ်တမဲ့ ပြန်လည်ပျောက်ကွယ် သွားတတ်ပါတယ်။

 

ကောင်လေးရေ…အမြဲတမ်း ပြုံးနေတတ်တဲ့ ကောင်လေးတစ်ယောက်ရဲ့ အပြုံးတွေကိုမှ ချစ်မိတဲ့ ကောင်မလေးတစ်ယောက်ဟာ အဲဒီ့အပြုံးတွေကို သူအမြဲပိုင်ဆိုင်စေနိုင်ဖို့ အတွက် တစ်ထောင့်တစ်နေရာကနေ ရပ်ကြည့်ပြီး ကျန်နေရစ်ခဲ့လိုက်ပြီလေ။ ရှေ့ဆက်ရမယ့် ဘ၀ခရီးမှာ နောင်တမဲ့စွာနဲ့ ပျော်ရွှင်စွာ လျှောက်လှမ်းသွားနိုင်ဖို့ ဆုတောင်းပေးလိုက်ပါတယ်….။ ကောင်လေးရေ…မကြာခင်မှာ လက်ခံရတော့မယ့် ဖိတ်စာတစ်စောင်ကို စောင့်မျှော်ရင်း လွမ်းဖြစ်ရင်တောင် မငိုမိစေဖို့ ကောင်မလေး ကြိုးစားတတ်ခဲ့ ပြီလေ။ ဒါပေမယ့်လည်း မိုးရာသီရဲ့ မိုးစက်တွေကြားမှာ လမ်းလျှောက်မိတိုင်း ကောင်လေးရဲ့နာမည်ကို ယောင်ယမ်းပြီး တီးတိုးအော်ခေါ်နေမိတယ်လေ။ ဘယ်လိုပဲ ထင်မြင်ကြပါစေ၊ ချစ်ခြင်း၊ မုန်းခြင်း၊ ပျော်ရွှင်ခြင်း ကင်းစွာနဲ့ ဘ၀ရဲ့ နေ့ရက်တွေကို ခံစားချက်မဲ့စွာ ဖြတ်သန်းဖြစ်နေတဲ့ ကောင်မလေး တစ်ယောက်ကတော့ ဒီကမ္ဘာမြေပေါ်မှာ ယနေ့ထက်တိုင် ရပ်တည်ရှင်သန်နေဆဲပါပဲ…။ 
စူးရှဝိုင်



မျက်မမြင်တစ်ယောက်ရဲ့ ဆန္ဒ


posted on 03th June 2009 by Myozaw

တစ်ခါကမွေးရာပါ မျက်မမြင်ကောင်မလေးတစ်ယောက်ရှိသတဲ့။ အဲဒီကောင်မလေးက အမြင်အာရုံချို့ရွင်းလို့ လူတောမတိုးနိုင်တဲ့ သူ့ဘ၀ကိုသူ အရမ်းအားငယ်နေတယ်တဲ့လေ။ ပြီးတော့သူ့ဘေးနားကလူတွေ ဖြတ်သွားတိုင်း ပြောသံကြားဖူးတဲ့ လောကကြီးရဲ့ မြင်ကွင်းတွေကိုလည်း သူမြင်ကြည့်ချင်တယ်။ ဒီလိုနဲ့ သူ့ရဲ့အထီးကျန်တဲ့နေရက်တွေကို လူတွေပြောပြောနေတဲ့ တိရစ္ဆာန်တွေ၊ အဆောက်အအုံတွေရဲ့ ပုံစံတွေကို သူ့ဟာနဲ့သူ စိတ်ကူးပုံဖော်ကြည့်ရင်း ဖြေသိမ့်နေရတယ်လေ။ ဒါပေမယ့် သူစိတ်ကူးယဉ်ကြည့်လို့ မရတဲ့ပုံပန်းသဏ္ဍန်တစ်ခုရှိနေတယ်။ အဲဒီဟာကတော့ လူတွေညဘက်ရောက်ရင် ပြောကြတဲ့ မှောင်လိုက်တာကွာ မည်းနေတာပဲ ဆိုတာကြီးကိုပေါ့။ သူက အဲဒီ လောကကြီးရဲ့ အမှောင်ထုဆိုတာကြီးကို ပိုပြီးစိတ်ဝင်စားမိတယ်။ ပြီးတော့ သူမသာ မျက်စိအလင်းရခဲ့ရင် အဲဒီအမှောင်ထုဆိုတာကြီးကို အရင်ရှာကြည့်မယ်ဆိုပြီး စိတ်ကူးတွေတောင် ယဉ်ထားသေးတယ်လေ။

ဒီလိုနဲ့ တစ်နေ့မှာ သူ့ရဲ့ ကံဆိုးလှတဲ့ ဘ၀ကို တွေးမိရင်း အားငယ်လို့ တစ်ယောက်တည်းငိုနေတုန်းမှာ ကောင်းကင်က အသံတစ်သံကို ကြားလိုက်ရတယ်။ အဲဒီ့အသံရှင်က သူ့ကိုတောင်းလိုရာတောင်းဆိုပြီး ဆုတစ်ခုတောင်းခိုင်းတယ်။ ဒါနဲ့ မျက်မမြင်မလေးလည်း ၀မ်းသာအားရနဲ့ မဆိုင်းမတွဆုတစ်ခုကို တောင်းလိုက်မိတယ်။ အဲဒီဆုက လူတွေပြောပြောနေတဲ့၊ သူအရမ်းကို တွေ့ချင်လှတဲ့ လောကကြီးရဲ့ အမှောင်ထုကို မြင်ဖူးချင်တယ်ဆိုပြီးတော့ပေါ့။ ဒါနဲ့ အသံရှင်ကလည်း ပြည့်စေဆိုပြီးပြောလိုက်တယ်ဆိုပါစို့။ ချက်ချင်းပဲ ကောင်မလေးလည်း အဲဒီအမှောင်ထုဆိုတာကြီးကို ၀မ်းသာအားရနဲ့ ကြည့်လိုက်မိတယ်လေ။ ဒါပေမယ့် သူဘာမှမမြင်ရလို့ ကောင်းကင်ကအသံရှင်ကို သူဘာမှ မမြင်ရကြောင်းပြောတော့ အသံရှင်က မင်းမြင်ချင်တဲ့ အမှောင်ထုဆိုတာ အဲဒါပဲဆိုပြီး ပြန်ပြောလိုက်တယ်။ ပြီးတော့အသံရှင်လည်း ပျောက်ကွယ်သွားတယ်လေ။ ကောင်မလေးငိုင်သွားတယ်။ ပြီးတော့ ပါးပြင်မှာ မျက်ရည်တွေ လှိမ့်ဆင်းလို့။ ပြီးတော့ သူမမျက်မမြင်ဘ၀တုန်းက မြင်ဘူးချင်ခဲ့လို့ အနှစ်အနှစ်အလလ တမ်းတခဲ့ရတဲ့ အရာတစ်ခုဟာ သူမအရင်ဘ၀မှာ ခံစားခဲ့ရတဲ့၊ အရမ်းကိုမုန်းတီးစရာကောင်းခဲ့တဲ့ အရာတစ်ခုပဲဆိုတာ သိလိုက်ရတယ်။ ပြီးတော့ ကုန်လွန်ခဲ့တဲ့ အချိန်တွေကိုလည်း နောင်တရမိတယ်လေ။

လူတိုင်းလိုလိုမှာလဲ ဒီပုံပြင်ထဲက ကောင်မလေးအတိုင်းပါပဲ။ ကိုယ်လက်ရှိရောက်နေတဲ့ ဘ၀တစ်ခုကို မကျေနပ်နိုင်ပဲ၊ ဒီ့ထက်ကောင်းတဲ့ ကိုယ်တစ်ခါမှ မရဘူးတဲ့ အတွေ့အကြုံတစ်ခုကို ရဖူးချင်ကြပြီး တစ်ခါတစ်လေကြတော့လည်း အဲဒီဆန္ဒတစ်ခုဟာ ကိုယ့်ကို အရင်ဘ၀နဲ့မခြားတဲ့ အခြေအနေတစ်ခုကိုပဲ ပြန်ရောက်စေခဲ့တယ် ဆိုရင်ရော...။

မျိုးဇော်(၀၂.၀၅.၀၉)



ဘ နှင့် ဝ

posted on 04th May 2009 by Myozaw

တစ်နေ့ညက အိမ်မှာမီးမလာတာနဲ့ ကျွန်တော်စောစောအိပ်ရာဝင်မိသည်။ အစောကြီး ရှိသေးသည်မို့ အိပ်လို့ကမရသေးတာနဲ့ ဟိုဟိုသည်သည်လျောက်တွေးနေမိသည်။ ဒီလိုနဲ့ ကျွန်တော်ဖတ်ခဲ့ဖူးသော စာအုပ်တွေအကြောင်း၊ လူတွေအကြောင်း စဉ်းစားနေမိသည်၊ နောက် စဉ်းစားရင်း ဘ၀ အကြောင်းရောက်သွားသည်။ “ဘ၀” ဘ၀ဆိုတာကို လူတွေအမျိုးမျိုး အဓိပာယ် ဖွင့်တာ ကျွန်တော် ကြားဖူးသည်။ တစ်ချို့တွေက ဘ၀ ဆိုတာ ဘ နှင့် ၀ ပေါင်းထားတာဟုဆိုသည်။ မိခင်ဘာသာစကားကို အခြေခံပြီး အပျော်အပျက်လိုလို ပြောကြခြင်းသာဖြစ်မည်ဟု ကျွန်တော်ထင်သည်။ ဒီလိုနဲ့ ကျွန်တော်လည်း ယင်းဘ၀ အကြောင်းကို ဆက်စဉ်းစားကြည့်မိသည်။

 

ကျွန်တော်တို့ မြန်မာစာတွင် ဗျည်းအက္ခရာ 'ဘ' နှင့် '၀' ကိုပေါင်းလိုက်လျှင် အလွန်နက်နည်း ရှုပ်ထွေးသည့် 'ဘ၀' ဆိုသည် အဓိပာယ်ကို ကိုယ်စားပြုသည့် ဝေါဟာရတစ်ခု ကိုရသည်။ ဒီလိုဆိုလျှင် 'ဘ' နှင့် '၀' ကိုရှေ့နောက် မထားပဲ 'ဘ' နောက်မှ' ၀' ကိဲု 'ဘ' ပေါ်တင်ကြည့်ရင်ရော၊ ဒီလိုဆိုရင်တော့ 'ဘိ' ဖြစ်သွားမည်။ နောက်တစ်မျိုး စဉ်းစားမိသည်၊ '၀' ကို 'ဘ' အောက်မှာ ၀ ဆွဲအနေနဲ့ သုံးကြည့်ရင်ရော၊ ဒီလိုဆိုရင်တော့ 'ဘ'ွ ဖြစ်သွားမည်။ ဘ၀ နှင့်မတူတော့။ဘာတွေမှန်းမသိ....ဒီလိုနဲ့ ကျွန်တော်အိပ်ပျော်သွားသည်။

နောက်နေ့ မနက်မိုးလင်းတော့ ရုံးသွားရသည်။ ရုံးရောက်တော့ မနေ့ညက စိတ်ကူးကို အင်တာနက်ပေါ်မှ နာမည်ကျော် Social Networking တစ်ခုဖြစ်သော Facebook ပေါ်တင်ကြည့်သည်။ “ ဘ + ၀ = ဘိ (or) ဘွ ? “ ဆိုပြီးတော့ ကျွန်တော့် Facebook profile ၏ status bar ပေါ်တွင် အပြောင်အပျက်လိုလို ရေးလိုက်မိသည်။ အချိန်တိုတိုလေးအတွင်းမှာ Facebook မှကျွန်တော် status ကို comment တွေရောက်လာသည်။ သူငယ်ချင်းတစ်ယောက်က ဘ+၀ ကို ဘွတ် ဟုနောက်သည်။နောက်တစ်ယောက်ကတော့ ဘွိ ဟုပြောသည်။ ဘာတွေမှန်း မသိပြန်....။

ညနေအိမ်ပြန်ရောက်တော့မှ မနက်က Facebook ပေါ်တင်လိုက်သော ဘ၀ ၏အဓိပာယ် ကို ပြန်စဉ်းစားကြည့်မိသည်။ ဘ၀ ဆိုတဲ့အဓိပာယ်ကို ဘ နှင့် ၀ ပေါင်းပြီး အဖြေရှာလို့ရပါသလား။ ကျွန်တော်စိတ်ကူးထဲမှာတော့ ဘိ တွေ ဘွ တွေအပြင် သူငယ်ချင်းတွေပြောသော ဘွိ တွေ ဘွတ် တွေပါပြန်မြင်ရောက်မိသည်။ ဟုတ်သည် ဘ၀ ဆိုသည်မှာ ယင်းအဖြေအားလုံးဖြစ်သည်။


ဘ + ၀ = ဘိ

'ဘ' နောက်မှ '၀' ကို 'ဘ' ၏အနောက်တွင် မထားပဲ 'ဘ' ပေါ်တင်ကြည့်လျင် ဘိ ဖြစ်သွားသည်။ 'ဘ' မှာ '၀' ကိုထမ်းထားရသလိုလိုနဲ့ သနားစရာကြီးဟု ကျွန်တော်ထင်သည်။ 'ဘ' မှာ '၀' ကိုထမ်းထားသည်မှာ အထုပ်အပိုးများကို မနိုင်မနင်းထမ်းထားရသော အဘိုအိုတစ်ဦးနှင့် တူသည်။ ကျွန်တော်တို့လည်း လူမှုဒုက္ခ အဖုံဖုံကို ထမ်းပြီး ဘ၀ ဆိုသည့်ခရီးကိုသွားနေကြရသည် မဟုတ်ပါလား။



ဘ + ၀ = ဘွ

ဒီတစ်ခါ '၀' ကို 'ဘ' အောက်တွင် ထားကြည့်မည်။ ဒီလိုဆိုလျင်တော့ 'ဘွ' ဖြစ်သွားပြန်သည်။ ကျွန်တော့် အမြင်တွင်တော့ 'ဘွ' ကတော်တော် ကြည့်ရဆိုးသည်ဟု ကျွန်တော်ထင်သည်။ တစ်နည်း ပြောရလျင် '၀'ဆွဲ ကြောင့် ဘ မှာကွတတ ဖြစ်နေသည်။ ၀ ကဆွဲထား၍လိုရာခရီးကို မသွားနိုင်ဖြစ်နေပုံရသည်။ ဟုတ်သည် ကျွန်တော်တို့ အားလုံးလည်း 'ဘ' နှင့် တူသည်။ ၀ နှင့်အလားသဏ္ဍန်တူသော သံယောဇဉ်တွေ၊ တဏှာရာဂတွေ စသောနွံတွေကြားမှ ရုန်းကန်နေကြရသည် မဟုတ်ပါလား။


ဘ + ၀ = ဘွိ

ဒီတစ်ခါတော့ '၀' ကနှစ်ခု ဖြစ်သွားသည်။ 'ဘ' ၏အပေါ်တွင်ရော အောက်တွင်ပါ နေရာယူလာသည်။ 'ဘ' ၏ပုံမှာ အပေါ်က '၀' ၏ ၀န်ကိုထမ်းထားရသည့် ကြားထဲ အောက်က '၀' ဆွဲ၏ ဒဏ်ကိုလည်းခံနေရသည်။ ကျွန်တော်တို့ ၀န်းကျင်မှ လူအတော်များများ၏ ဘ၀ မှာလည်း ယင်း 'ဘွိ' နှင့်ပိုပြီး ဆင်တူသည် ဟုကျွန်တော်ထင်သည်။ တစ်ဖက်က ဘ၀ မှပေးအပ်လာသော မိမိမဖြစ်မနေသည်ရမည့် ၀န်ထုပ်ဝန်ပိုးများကို တစ်ဖက်ကသယ်ရင်း၊ တစ်ဖက်ကလည်း တစ်ပါးသူ၏ သံယောဇဉ် နှောင်ကြိုးတွေ၏ ဆွဲငင်မှုဒဏ်ကိုလည်း ခံနေရသည် မဟုတ်ပါလား။

ဘ + ၀ = ဘဝ
နောက်ဆုံးစဉ်စားမိသည်က မူရင်းစာလုံး 'ဘ၀' ဖြစ်သည်။ အခု ဘ၀ မှာ အရင်ကျွန်တော်တွေးမိသော 'ဘ'ွ တွေ 'ဘိ' တွေ လိုကြည့်ရမဆိုးတော့။ သူ့နေရာနှင့် သူကြည့်ကောင်းနေသည်။ 'ဘ'က '၀' ကိုထမ်းမထားသလို '၀' ကလည်း 'ဘ' ကိုဆွဲမထား။ ဒီတော့လည်း 'ဘ၀' ဆိုတာရုပ်လုံးပေါ်လာသည်။ ဟုတ်သည် ကျွန်တော်တို့၏ နိစ္စဓူဝ အလုပ်တွေကို 'ဘိ' လိုလည်း ထမ်းမထားပဲ သူ့နေရာသူထားကြည့်လျင်၊ ကျွန်တော်တို့ ပုထုဇဉ်လူသားတွေ၏ တဏှာကို 'ဘ'ွ လို အဆွဲမခံရအောင်လည်း ထားနိုင်လျင် ဘ၀ ဆိုတာ ရုပ်လုံးပေါ်လာသည်။ ဘ၀ သည် ကိုယ်လုပ်သင့် လုပ်ထိုက်တာတွေ၊ လုပ်ချင်တာတွေ၊ လုပ်ရမှာတွေကို သူ့နေရာနှင့်သူ ထားပြီး လိုရာခရီးကို သွားရခြင်းဖြစ်မည်ဟုကျွန်တော်ထင်သည်။

ထို့ကြောင့် ကျွန်တော်စဉ်းစားခဲ့သော "ဘ+၀=" ၏ အဖြေမှာ 'ဘ၀' ပင်ဖြစ်ပါသည်။ ကျွန်တော်တို့ အားလုံး၏ ဘ၀တွေမှာလည်း ဘ နှင့် ၀ တို့၏ ဥပမာများကဲ့သို့ပင် ကိုလုပ်ရမည့် တာဝန်ဝတ္တရားကိုစီကို သူ့နေရာနှင့်သူ သင့်တင့် လျှောက်ပတ်အောင် စီမံခန့်ခွဲနိုင်လျှင် သာယာကောင်းမွန်သော ဘ၀ များကို ကိုယ်စီ ပိုင်ဆိုင်ကြမည် မှာမလွဲဧကန်ပင် ဖြစ်ပါသည်။

မျိုးဇော် (၀၆.၀၂.၀၉)

 


ရုပ်ရှင်ဖြစ်သွားတဲ့ ၀တ္တုတစ်ပုဒ်

 
posted on 26th May 2009 by Myozaw

မတ်လ (၂၇)ရက်၊ ၂၀၀၉ ခုနှစ်
ဒီနေ့ကျွန်တော် အရမ်းပျော်နေတယ်လေ။ ဘာဖြစ်လို့လဲ ဆိုတော့ကျွန်တော်အရမ်းကို တွေ့ချင်ခဲ့်တဲ့ ကောင်မလေးတစ်ယောက်နဲ့ အပြင်မှာ ပထမဆုံးတွေ့ရမယ့် နေ့မို့လို့ပါ။ ဒါပေမယ့် ကျွန်တော်တို့ နှစ်ယောက်က တစ်ယောက်နဲ့ တစ်ယောက် အပြင်မှာ တရားဝင် ချိန်းတွေ့ကျတာမျိုးတော့ မဟုတ်ပါဘူး။ ခရီးတစ်ခုကို အတူတူသွားရင် တွေ့ကြရမှာပါ။ ခရီးသွားဟန်လွှဲ ဆိုတာ ဒါမျိုးကို ပြောတာထင်ပါရဲ့။ အခု ကျွန်တော်စီးလာတဲ့ ကားကြီးက ရန်ကုန်-ပြည် လမ်းမကြီးပေါ်မှာ မြို့တော်ဟောင်း ရန်ကုန်ကနေ ပြည်မြို့ရှိရာ ပဲခူးတိုင်းထဲကို ဦးတည်ပြီးမောင်းနေတာပါ။ သူနဲ့ ကျွန်တော်ခရီး အတူတူသွားဖြစ်တယ် ဆိုပေမယ့် စီးကျတဲ့ ကားကတော့ တစ်စီးရယ်ပါ။ ကားပေါ်မှာ တစ်ယောက်တည်းထိုင်ရင်း သူနဲ့ ကျွန်တော်စတွေ့ခဲ့ ကြပုံကို ပြန်စဉ်စားနေမိတယ်လေ……။



ဒီလိုပါ သူနဲ့ ကျွန်တော်က ကော်ပိုရေးရှင်းကြီးတစ်ခုအောက်က ဌာနခွဲတွေမှာ အလုပ်လုပ်ကြတဲ့ ၀န်ထမ်းတွေပါ။ ဒါပေမယ့် သူနဲ့ကျွန်တော် စတွေ့ခဲ့ကြတာတော့ ဒီကော်ပိုရေးရှင်းကြီး တစ်ခုအောက်မှာ အလုပ်အတူတူလုပ်ကြလို့ဆိုတဲ့ အကြောင်းပြချက်ကြောင့်တော့ မဟုတ်ပါဘူး။ သူနဲ့ ကျွန်တော်စတွေ့ခဲ့ကြတာတော့ အွန်လိုင်းပေါ်မှာပါ။ ဘာကြောင့် အွန်လိုင်းမှာ တွေ့ခဲ့ကြတာလဲ ဆိုတာကိုတော့ နောက်မှပဲ ရှင်းပြတော့မယ်ဗျာ။ ဒီလိုနဲ့ သူနဲ့ ကျွန်တော်အရမ်းကို ခင်သွားကြတယ်ဆိုပါတော့။ ဒါပေမယ့် သူနဲ့ကျွန်တော်က အပြင်မှာ တစ်ခါမှ မတွေ့ခဲ့ဖူးကြပါဘူး။ သူ့ဓာတ်ပုံတောင်မှ သူ့ရဲ့ gtalk logo ထဲမှာ ၀ိုးတိုးဝိုးတားနဲ့ စက္ကန့်ပိုင်းလောက်ပဲ မြင်ဖူးခဲ့တာပါ။ ဒါပေမယ့် ကျွန်တော်ကတော့ စိတ်ထဲမှာ သူ့ကို တိတ်တခိုး စွဲလမ်းခဲ့မိလေရဲ့။ ဟိုးရှေးရှေးတုန်းက ပညာရှိက၀ိတွေပြောခဲ့တဲ့ အဆိုရှိပါတယ်။

အချစ်ဆိုတာ မျက်စိကစတယ်တဲ့။ တစ်ချို့ကျတော့လည်း အကြားအာရုံကစတယ်လို့ ဆိုခဲ့ပါတယ်။ အခုလို နည်းပညာတွေ တိုးတက်နေတဲ့ အိုင်တီခေတ်ကြီးမှာရော။ အင်း gtalk ကစတယ်လို့ ထပ်တိုးရမလိုတောင် ဖြစ်နေပြီဗျာ။ ဘာပဲပြောပြောပါ ကျွန်တော်သူ့ကို စွဲလမ်းခဲ့တာ သူနဲ့ကျွန်တော်ကြားက တူညီတဲ့ခံစားချက်တစ်ခု ရှိနေခဲ့တာနဲ့ တစ်ယောက်ကိုတစ်ယောက် နားလည်မှုတွေ ပေးနိုင်ခဲ့လို့ပဲလို့တော့ထင်ပါတယ်။ အွန်လိုင်းပေါ်မှာ ဖြစ်နေကြ ပေါ့ပျက်ပျက် ဇာတ်လမ်းတွေမျိုးထဲက တစ်ခုမဟုတ်ဘူးဆိုတာတော့ ကျွန်တော်ယုံကြည်ထားပါတယ်လေ။


တစ်ဖြည်းဖြည်းနဲ့ ကျွန်တော်စီးလာတဲ့ ကားကြီးလည်း ဟိုင်းဝေလမ်းမကြီးပေါ်ကနေ လမ်းဘေးတစ်နေရာကို ထိုးရပ်လိုက်တော့မှ နေ့လည်စာစားဖို့ အတွက်ထိုးရပ်လိုက်တာမှန်း သိလိုက်ရတယ်။ ဒီလိုနဲ့
သူ့ကို ကျွန်တော်တွေ့ရတော့မယ် ဆိုတဲ့အသိဝင်လာတဲ့ အချိန်မှာ ကျွန်တော်စိတ်ထဲမှာ တစ်ခါမှ မခံစားဖူးတဲ့ ခံစားချက်မျိုးခံစားလိုက်ရတယ်လေ။ ကျွန်တော် ၁ ပတ်ကျော် ရင်ခုန်စောင့်ခဲ့ရတဲ့ ဒီနေ့လေး၊ ပြီးတော့ဟောဒီ့ ကားကြီးပေါ်မှာ နာရီပေါင်း များစွာ စိတ်လှုပ်ရှား ကြည်နူး မျှော်လင့်ခဲ့ရတာတွေဟာ အားလုံးပျောက်ဆုံးသွားသလို ခံစားလိုက်ရတယ်လေ။ ရှင်းရှင်းပြောရရင် သူ့ကို ကျွန်တော်တွေ့ချင်စိတ် လုံးဝမရှိတော့လို့ပါပဲ။ ဒါနဲ့ ကျွန်တော်နောက်ဆုံးမှ စိတ်ညစ်ညစ်နဲ့ ကားပေါ်ကနေဆင်းခဲ့ပါတယ်…..။

 

လူတိုင်းလိုလိုမှာ ကိုအရမ်းကို စွဲလမ်းခဲ့ရဘူးတဲ့ ၀တ္တုဇာတ်လမ်းတွေ အနည်းဆုံး တစ်ပုဒ်စီတော့ ရှိကြမှာပါနော်။ အဲဒီ ကိုအရမ်းကြိုက်တဲ့ ၀တ္တုတွေကို ရုပ်ရှင်အဖြစ် အသက်သွင်းပြီး ရိုက်ကူးလာကြရင်ရော ခင်ဗျားတို့ ကြိုက်ကြပါအုံးမလား။ ဘယ်လောက်ပဲ နာမည်ကြီး သရုပ်ဆောင်တွေပါပါ၊ ခေတ်မှီနည်းပညာတွေ ဘယ်လောက်သုံးသုံး လူတိုင်းလိုလိုကတော့ ကိုအရမ်းကို စွဲလမ်းနှစ်သက်ခဲ့တဲ့ ၀တ္တုတွေလောက် ဇတ်လမ်းဇာတ်အိမ်၊ ရိုက်ကူးဖော်ပြမှုတွေဟာ မကောင်းဘူလို့ ထင်ကြတာပဲနော်။ တစ်ကယ်တော့ ၀တ္တုဆိုတာ စာရွက်တွေပေါ်မှာ စာရေးဆရာက သူရေးချင်တာတွေကို စာတွေစီပြီး စာရွက်တွေကို ပေါင်းချုပ်ထားတဲ့ စက္ကုထုပ်တစ်ထုပ် ပါပဲ။ ဒါပေမယ့် အဲဒီင်္ဝတ္တုတွေထဲက အနှစ်သာရတစ်ခုကို စာဖတ်သူက စွဲလမ်းသွားပြီဆိုရင်တော့ ၀တ္တုထဲက ဇာတ်ကောင်တွေ၊ နေရာရှုခင်းတွေကို စာဖတ်သူက သူစိတ်ကြိုက် သူနဲ့သန်ရာသန်ရာ ဖန်တီးယူသွားကြတာပဲလေ။ အဲဒီအချက်ကိုက ရုပ်ရှင်ဆိုတာနဲ့မတူတဲ့ အားသာချက်တစ်ခုပါပဲ။ ကိုယ်ဖတ်ခဲ့ဘူးတဲ့ ၀တ္တုတွေထဲမှာ ဇာတ်လိုက်တွေ၊ လုပ်ဆောင်ချက်တွေ၊ နေရာရှုခင်းတွေကို ကိုယ်တိုင် စိတ်ကူးယဉ် ပျော်မွေ့ခဲ့ကြပြီး၊ ဒီဇာတ်လမ်းလေးကို ပဲရုပ်ရှင်ဒါရိုက်တာတစ်ယောက်ကလည်း သူ့စိတ်ကြိုက် ဖန်တီယူတဲ့ အခါကို့စိတ်ထဲမှာ ဖန်တီးယူခဲ့တာတွေနဲ့ မတိုက်ဆိုင်တော့တဲ့ အခါ အဲဒီရုပ်ရှင်တွေကို လက်မခံနိုင် ဖြစ်ကြတော့တာပါပဲ။


အဲဒီလိုဆိုရင် ကျွန်တော်ရော။ ကျွန်တော့်အွန်လိုင်းပေါ်မှာ၊ ၅လက်မနဲ့ ၂လက်မလောက်သာကျယ်တဲ့ Gtalk chat room ထဲမှာ ကျွန်တော်စွဲလမ်းခဲ့တဲ့၊ စိတ်ကူးယဉ် ရူးသွပ်ခဲ့ရတဲ့ ကောင်မလေးကို ကျွန်တော်အပြင်မှာတွေ့ရင် ကျေနပ်လက်ခံနိုင်ပါအုံးမလား။ သူကရော ကျွန်တေိာကို တွေ့ရင် လက်ခံနိုင်ပါ့မလာ။ ဒီလိုနဲ့ နောက်ဆုံး ကျွန်တော်ကားပေါ်က ဆင်းခဲ့ပါတယ်။ ကားပေါ်ကဆင်းဆင်းချင်း သူကို့ရှာမကြည့်ပဲနေကြည့်လိုက်မိတယ်။ ဒါပေမယ့်လေ ကျွန်တော်ရဲ့ ဘေးနားမှာတော့ အွန်လိုင်းပေါ်မှာ ကျွန်တော်စွဲလမ်းခဲ့တဲ့ သူ့ရဲ့ အငွေ့အသက်တွေကတော့ လွှမ်းခြုံထားပါတယ်။ သူဘယ်လိုပုံစံမျိုးပဲ ဖြစ်ဖြစ်ပါ၊ ကျွန်တော်ဘေးနားမှာ သူရှိနေတယ် ဆိုတယ်အသိတစ်ခုနဲ့တင် ကျွန်တော်ကို ကျွန်တော်ကျေနပ်ပါတယ်။ ပြီးတော့ ရှေ့ဆက်ပြီး သူနဲ့တွေ့ရမယ့် နေ့တွေကို စိတ်ကူးယဉ် ကြည့်ခဲ့မိတယ်။ နောက်ဆုံးမှာတော့ ကျွန်တော် သူဘယ်လိုပုံစံမျိုးလည်း ဆိုတာသိလိုက်ရပါပြီ။ ကျွန်တော် စိတ်ကူးယဉ်ထားတဲ့ ကောင်မလေးနဲ့ အခုအပြင်မှာ မြင်နေရတဲ့ ကောင်မလေး ထပ်တူကျပါ့မလား။ ၀တ္တုထဲက ကိုကြိုက်တဲ့ ဇာတ်ကောင်တစ်ခုနဲ့ ကိုယ်နဲ့စိတ်ကူးချင်း ထပ်တူမကျနိုင်တဲ့ ဒါရိုက်တာတစ်ယောက် ဖန်တီးထားတဲ့ ဇာတ်ကောင်ကို လက်ခံနိုင်ပါအုံးမလား။ ဘာပဲဖြစ်ဖြစ်ပါ ကိုအရမ်းစွဲလမ်းခဲ့ရတဲ့၊ gtalk ထဲက စာကြောင်းတွေကို ကိုယ်တိုင်အသက်သွင်းထားတဲ့ စိတ်ကူးယဉ်ကမ္ဘာထဲက ကောင်မလေးတစ်ယောက်နဲ့ သဘာဝတရားကြီးတစ်ခုက လက်ဆောင်ပေးထားတဲ့ လက်တွေ့ဘ၀ထဲက ကောင်မလေး ထပ်တူမကျနိုင်ဘူး ဆိုတာ ကျွန်တော် စောစောကတည်းက လက်ခံနိုင်အောင် ကြိုးစားထားပြီးသားပါ။ ပြီးတော့ ကျွန်တော် အရမ်းမြတ်နိုးထားတဲ့ ၀တ္တုထဲက ဇာတ်ကောင်လေးကို အခုလို အပြင်မှာ ကျွန်တော်တွေ့လိုက်ရတာကို ကျွန်တော်ရင်ခုန်ပါတယ်။ ပြီးတော့ အရမ်းလည်း မြတ်နိုးပါတယ်။ သူ့ကိုကျွန်တော် ချစ်ခဲ့မိတာ အမြင်အာရုံတစ်ခုရဲ့ တက်မက်မှုက စခဲ့တာမဟုတ်ပါဘူး။ ကျွန်တော်ချစ်ခဲ့တာ သူနဲ့ ကျွန်တော်ကြားက ဖြန့်ကျက်ထားတဲ့ အွန်လိုင်းပေါ်ကနေ သန္ဒေတည်ခဲ့တာလို့ဆိုပါရစေ။ ကျွန်တော်စိတ်ကူးထဲက ၀တ္တုတစ်ပုဒ် ကိုအသက်သွင်းပေးခဲ့တဲ့ သဘာဝကံဇတ်ဆရာ ရဲ့လက်ရာမြောက်လှတဲ့ ရုပ်ရှင်တစ်ကားကိုလည်း လက်ခံနိုင်နေပါပြီ။ ဒါပေမယ့်လေ အဲဒီရုပ်ရှင်လေးက ဇာတ်သိမ်းပိုင်းကို မရောက်သေးပါဘူး။ ကျွန်တော် စိတ်ကူးမျှော်လင့်တဲ့ ၀တ္တုထဲက ဇာတ်သိမ်းခန်းလေးကို ဘယ်သူ့မှ အစိုးမရနိုင်တဲ့ သဘာဝကံဇာတ်ဆရာကရော ဖန်တီးပေးနိုင်ပါ့ မလားဆိုတာကိုတော့......။

မျိုးဇော် (၂၆.၀၄.၀၉)



My Opinion
နှစ်သစ်ကူးတော့မည်...
posted on 24th Nov 2008 by Myozaw

မကြာမီတွင် နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်ရောက်တော့မည်။ အတိအကျ ဆိုရလျင် သက္ကရာဇ် ၂၀၀၈ ခုနှစ် ကုန်ဆုံးကာ ၂၀၀၉ ခုနှစ် သို့ရောက်ရှိတော့မည်။ နှစ်တစ်နှစ် ကုန်ခါနီးတိုင်း လူတွေပြောနေကြ စကားတစ်ခွန်းရှိသည် " နှစ်ဟောင်းမှ အညစ်အကြေးများကို စွန့်ခွာပြီး နှစ်သစ်ဆီသို့ တက်လှမ်းကြမည် " ဟုဆိုကြသည်။ ယခု ၂၀၀၈ ခုနှစ်တွင်ကော နှစ်ဟောင်းမှ အညစ်အကြေးများကို အပြီးတိုင်းစွန့်ခွာ သွားနိုင်ကြပါမည်လား။ ၂၀၀၈ ခုနှစ်သည် မြန်မာ နှင့် ကမ္ဘာတွင် အပြောင်းအလဲတွေ အများကြီး ဖြစ်ပေါ်စေခဲ့ပါသည်။ ဖြစ်ခဲ့သမျှ အပြောင်းအလဲတိုင်းလိုလို ပြဿနာ တိုင်းလိုလို ကလည်းယခုတိုင် အဖြေရှာမရသေးသော (သို့မဟုတ်) ရေရှည်ဖြေရှင်းကြရမည့် ပြဿနာ များဖြစ်နေကြသည်။ ယင်းကြောင့် ၂၀၀၉ ခုနှစ်သို့ မဖြစ်မနေ သယ်ဆောင်ကာ ဖြေရှင်းသွားရတော့မည် ဖြစ်ပေသည်။ ဥပမာအားဖြင့်  မြန်မာနိုင်ငံတွင် မေလဆန်းပိုင်းက ဖြစ်ပွားခဲ့သော နာဂစ်မုန်တိုင်း ကြောင့်ဖြစ်ပေါ်လာခဲ့သော နောက်ဆက်တွဲ ပြန်လည်ထူထောင်ရေးများ၊ အမေရိကန်တွင် အစပြုခဲ့သော ကမ္ဘာ့စီပွားပျက်ကပ်(Global Crisis) ဂယက်၊ တရုတ်နိုင်ငံမှ စီချွှမ်ငလျင်ဒဏ်ခံဒေသများ ပြန်လည်ထူထောင်ရေး နှင့် ကမ္ဘာ့ကို ခြိမ်းခြောက်ခဲ့သော မယ်လမင်ဓာတ် ပါဝင်သည့် တရုတ်နို့မူန့်ပြဿနာ အစရှိသည်တို့ဖြစ်ကြသည်။


ထို့အပြင် အမေရိကန်တွင် ၂၀၀၈  ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့က ပြည်သူအများရွေးကောက်တင်မြှောက်ခဲ့သော သမ္မတသစ် အိုဘားမား သည် ၂၀၀၉ ခုနှစ်၊ ဇန်န၀ါရီလ ၂၀ ရက်တွင် တိုင်းပြည်တာဝန်များကို လွှဲပြောင်းရယူရတော့မည်ဖြစ်သည်။ I have a dream နင့်အစချီသော ကမ္ဘာကျော်မိန့်ခွန်း နှင့်တိုက်ပွဲ ၀င်ခဲ့သည့် မာတင်လူသာကင်း၏ အိမ်မက်ကို အိုဘားမားက Yes, We Can ဖြင့် ဖြည့်ဆည်းနိုင်ခဲ့ပြီလည်းဖြစ်သည်။ သိုသော် မစ္စတာအိုဘားမား အနေဖြင့် နိုင်ငံတိုင်း ခေါင်းခဲနေရသော စီးပွားရေးပြသနာများကို ရှေ့ဆုံးမှနေကာ တာဝန်ယူဖြေရှင်းရတော့မည်လည်းဖြစ်သည်။
 မြန်မာနိုင်ငံအနေဖြင့်လည်း နာဂစ်မုန်တိုင်း ကြောင့်ဖြစ်ပေါ်ခဲ့သော နောက်ဆက်တွဲ ပြန်လည်ထူထောင်ရေးများ၊  နှစ်ပေါင်း(၃၀) ကျော်ကြာ ညှိုနှိုင်းမရသေးသော မြန်မာ ဘင်္ဂလားဒေ နှစ် နိုင်ငံကြား ရေပိုင်နက်ပြသနာများကို ပြေလည်အောင် ဖြေရှင်းရမည် ဖြစ်ပေသည်။ ထို့အပြင် လက်ရှိဖြစ်ပေါ်နေသော ကမ္ဘာ့စီပွားပျက်ကပ်ဂယက်  အဖြားခတ်မူကိုလည် ကြံ့ကြံ့ခံ ရင်ဆိုင် ဖြေရှင်းကြရအုံးမည် သာဖြစ်သည်။
မည်သိုဆိုစေ လူသားများ ဖန်တီးခဲ့သော ပြဿနာများ နှင့် နောက်ဆက်တွဲ ဆိုးကျိုးများကို ထိုလူသားများကပင် တာဝန်ယူဖြေရှင်းကြရတော့မည် ဖြစ်ပေသည်။ ပြဿနာများ ကိုဖြေရှင်းရာတွင်လည်း ထိခိုက်မှုအနည်းဆုံး နှင့် ငြိမ်းချမ်းစွာ ဖြေရှင်းသွားကြရမည် ဖြစ်ပေသည်။ မကြာမီ နှစ်သစ်ကူးတော့မည်။ နှစ်သစ်နှင့်  အတူကျွန်တော်တို့
နေထိုင်ရာ ကမ္ဘာကြီးအတွက် ကံကောင်းခြင်းများ၊ ငြိမ်းချမ်းခြင်းများကို သယ်ဆောင်လာနိုင်ပါစေလို့ ဆန္ဒပြုရင်း ...                   မျိုးဇော် (၂၄.၁၁.၀၈)


My Story
ကျွန်တော် နှင့် ဆောင်းရာသီ
posted on 18th Nov 2008 by Myozaw


     ဘာလိုလိုနဲ့ ဒီဇင်ဘာတောင် ရောက်တော့မည်။ ဆောင်း၏ ရှေ့တော်ပြေး မြူတွေဝေနေသည် ကိုမြင်တော့အလိုလိုနေရင်း ကြည်နူးမိသည်။ ဆောင်းရာသီ တိုင်းလိုလိုက ကျွန်တော်အတွက် ပျော်စရာများ သတိရစရာများကို သယ်ဆောင်လာပေးတတ်သည်။
     တစ်ခါတစ်လေတော့ ကျွန်တော်မွေးဖွှားရာ ဧရာဝတီတိုင်းမှ နယ်မြို့လေးကို လွှမ်းမိသည်။ မနက်စောစောထကာ အိမ်ဘေးရှိ သပြေပင်ကြီး မှကြွေ ကြသော သပြေသီးများကို မြုမူန်တွေကြား ကောက်ခဲ့ကြသည့် ငယ်ဘ၀ကို သတိအရဆုံးဖြစ်သည်။ ကွယ်လွန်သွားပြီ ဖြစ်သော ကျွန်တော်ချစ်သော အဘွားနှင့် အတူတူ မီးပူစာ လုံခဲ့သောနေ့ရက်များကို ပြန်လည် တမ်းတ မိသည်။ နယ်ဓလေ့ အတိုင်း မနက် ၅ နာရီလောက်ထကာ အမေ နှင့်အတူ ဈေးဝယ်လိုက် ခဲ့ရသည်မှာ လည်ပျော်စရာကောင်းခဲ့ရသည်။
     အရွယ်ရောက်လာတော့လည်းဆောင်းရာသီက ငယ်ငယ်ကနှင့် မတူသော ခံစားချက်မျိုး ကိုယူဆောင်လာပေးပြန်သည်။ အထူးသဖြင့်  မနက်စောစောထကာ ဆောင်းအခိုးအငွေ့တွေကြား ကျောင်းသွားရချင်းမျိုး အလုပ်သွားရခြင်းမျိုး ကိုကျွန်တော် နှစ်သက်သည်။ ဆောင်းရာသီတိုင်းကတော့ ကျွန်တော်အတွက် ကံကောင်းစေခဲ့သည်တော့မဟုတ်ပါ။ ကျွန်တော်နှင့်တွေ့ပြီးမှ သီချင်းတွေကို ပိုပြီးခံစားတတ်လာသည် ဆိုသော ကောင်မလေးနဲ့ဝေးခဲ့ရသည်မှာလည်း ထိုဆောင်းရာသီပင် ဖြစ်သည်။ ငယ်ငယ်တုန်း ကလောက် ယခုဆောင်းရာသီက မြူတွေ ပိန်းပိတ်အောင် မကျတော့တာ၊ မီးပူစာလုံရာနေရာမှ မခွာရက်လောက်အောင် မအေးတော့တာ ကတော့ လူတွေ၏ ပယောဂကြောင့်ဖြစ်မည် ထင်သည်။ ဘာပဲပြောပြော ဆောင်းရာသီကတော့သူ့သဘာဝအတိုင်းရောက်လာမြဲ ရောက်လာအုံးမည်။ တစ်နှစ်တွင် တစ်ကြိမ်တာ ကြုံရမည့် ဆောင်းရာသီမို့ ကျွန်တော် ရင်ခုံစွာစောင့်နေမိပါသည်။
 မျိုးဇော် (၁၈.၁၁.၀၈)

free counters

Today, there have been 3 visitors (5 hits) on this page!
This website was created for free with Own-Free-Website.com. Would you also like to have your own website?
Sign up for free